Sunday, November 11, 2012

နိုင်ငံတကာ ထူးခြားသတင်းများ (၁၁.၁၁.၂၀၁၂)

(၃) အသက် (၉)နှစ်အရွယ်ရှိ မိန်းကလေးငယ် အသက်ရှင်ရန်အတွက် နေ့စဉ်နွားနို့
(၆)ပိုင့် သောက်သုံးနေရ
Holly Lindley အမည်ရှိ အသက်ကိုးနှစ်အရွယ် ကျောင်းသူတစ်ဦးသည်
ရှားပါးသော ရောဂါတစ်မျိုးခံစားနေရပြီး အသက်ရှင်ရန်အတွက် နေ့စဉ်နေတိုင်း
နွားနို့(၆)ပိုင့် သောက်သုံးနေရကြောင်း သိရသည်။ သူမသည်
စားလိုက်သည့်အစားအစာများကို စွမ်းအင်အဖြစ် မပြောင်းလဲနိုင်သည့် Glycogen
Storage Disease ရောဂါ ခံစားနေရသဖြင့် နွားနို့များကို နည်းနည်းချင်း
အဆက်မပြတ် သောက်သုံးနေရသည်။ သို့မဟုတ်လျှင် သူမ မေ့မြောသွားနိုင်သည်။
အသက်(၃၅)နှစ်အရွယ်ရှိ မိခင်ဖြစ်သူ Karen က လွန်ခဲ့သော
သုံးနှစ်အတွင်း သူမအတွက် နွားနို့ဖိုး ပေါင် ၂၀၀၀ ခန့် ကုန်ကျခဲ့ကြောင်း
ပြောဆိုသည်။ "သမီး အသက်ရှင်ဖို့အတွက် နွားနို့သောက်ရန် အမြဲမပြတ်
သတိပေးနေရပါတယ်။ သမီးသာ သကြားဓာတ်ပါတဲ့ အချိုရည်မျိုးတွေ
သောက်မယ်ဆိုရင်တော့ ပိုပြီးလွယ်ကူနိုင်ပါတယ်။ ဒါပေမယ့် သမီးက
အဲဒီလိုအချိုရည်တွေ မကြိုက်ပါဘူး" ဟု မခင်ဖြစ်သူက ပြောဆိုသည်။
Holly နှစ်နှစ်သမီးအရွယ်က South Yorkshire ရှိ Doncaster
မြို့နေအိမ်တွင် မေ့လဲပြီးနောက် ဤရောဂါရှိနေကြောင်း
စတင်သိရှိခဲ့ရခြင်းဖြစ်သည်။ ဤရောဂါမျိုးသည် လူသုံးသန်းတွင် တစ်ဦးသာ
ဖြစ်ပေါ်လေ့ရှိသည်။
Holly အသက်ကြီးလာချိန်တွင် စွမ်းအင်ပိုမိုလိုအပ်မည်ဖြစ်သဖြင့်
နေ့စဉ်သောက်သုံးနေသည့် နွားနို့ပမာဏလည်း မြင့်မားလာနိုင်ကြောင်း သိရသည်။
မိခင်ဖြစ်သူ Karen နှင့် အသက်(၄၀)အရွယ်ရှိ ဖခင်ဖြစ်သူ Alan တို့သည်
သမီးဖြစ်သူ၏ စွမ်းအင်အဆင့်အတန်းကို စစ်ဆေးရန် သွေးစစ်ဆေးမှုကို
ပြုလုပ်ရသည်။ ဟိုလီသည် အခြားအချိန်များတွင် ချောကလက်ပါသည့်
မုန့်ပဲသွားရေစာများ စားလေ့ရှိကြောင်း သိရသည်။
Source: Mirror(9 Nov 2012)

နိုင်ငံတကာ ထူးခြားသတင်းများ (၁၁.၁၁.၂၀၁၂)

(၂) အာရှဆင်တစ်ကောင် ကိုရီးယားစကားလုံးအချို့ပြောဆိုနိုင်
Koshik အမည်ရှိ အာရှမျိုးနွယ် ဆင်ထီးတစ်ကောင်သည်
ကိုရီးယားစကားလုံးများကို ထုတ်ဖော်ပြောဆိုကြောင်း Vienna တက္ကသိုလ်မှ
သုတေသနပညာရှင်များက ပြောဆိုသည်။
Koshik သည် လူသားဘာသာစကားကို အဘယ်ကြောင့် စတင်အတုခိုးရသည်ကို
မရှင်းလင်းသေးသော်လည်း ငယ်ရွယ်စဉ် အတွေ့အကြုံများနှင့်
ဆက်စပ်မှုရှိနိုင်ကြောင်း ဇီဝပညာရှင်များဖြစ်သည့် Angela Stoeger နှင့်
Tecumseh Fitch က Current Biology ဂျာနယ်တွင် ရေးသားဖော်ပြခဲ့သည်။
Koshik သည် ငယ်ရွယ်စဉ်က တောင်ကိုးရီးယားရှိ Everland တိရ
စ္ဆာန်ဥယျာဉ်တွင် ငါးနှစ်ခန့် နေထိုင်ခဲ့ရသည်။ ထို့စဉ်က
သူ၏အပေါင်းအဖော်များမှာ လူသားများသာဖြစ်ခဲ့သည်။
"Koshik ဟာ လူသားအပေါင်းအဖော်တွေနဲ့ဆက်သွယ်ဖို့ ဘာသာစကားကို
စတင်အတုခိုးခဲ့တာ ဖြစ်နိုင်ပါတယ်"ဟု Stoeger က ပြောဆိုသည်။
မော်တော်ကားအင်ဂျင်သံကို အတုခိုးနိုင်သည့် ဆင်များအကြောင်း
ဖော်ပြခဲ့ဖူးသလို ကာဇက်စတန်ရှိ တိရ စ္ဆာန်ရုံတစ်ခုတွင်လည်း
ဆင်ထီးတစ်ကောင်မှာ ကာဇက်စတန်စကားလုံးများနှင့် ရုရှားစကားလုံးများ
ပြောဆိုနိုင်ကြောင်း ဖော်ပြမှုရှိခဲ့သည်။ သို့ရာတွင် သိပ္ပံပညာရှင်များက
စုံစမ်းစစ်ဆေးမှု မပြုလုပ်ခဲ့ကြပေ။
Koshik သည် မကြာသေးမီနှစ်များအတွင်းက သူ၏
ထူးခြားသောစွမ်းရည်ကြောင့် ခရီးသည်များကို ဆွဲဆောင်နိုင်ခဲ့သဖြင့်
မီဒီယာများ၏ ခေါင်းကြီးနေရာတွင် ဖော်ပြခြင်းခံခဲ့ရသည်။ ယခုအချိန်တွင်
သုတေသနပညာရှင်များက ကိုရီးယားလူမျိုးများကို ဆင်ထံမှ ထွက်ပေါ်လာသည့်
စကားသံများရေးပေးရန် ပြောဆိုရင်း သုတေသန ပြုခဲ့ကြသည်။
Koshik သည် "ဟယ်လို" "ထိုင်ပါ" "မဟုတ်ဘူး" "အနားယူပါ"
"ကောင်းတယ်" စသည့် ကိုရီးယားစကားငါးလုံးကို ထုတ်ဖော်ပြောဆိုနိုင်ကြောင်း
တွေ့ရှိခဲ့ရသည်။ သို့ရာတွင် Koshik သည် သူအသုံးပြုနေသည့် စကားလုံးများ၏
အဓိပ္ပါယ်ကို နားလည်နိုင်စွမ်းရှိ၊မရှိကိုမူ သုတေသနပညာရှင်များ မသိရသေးပေ။
Source: Reuters(8th November 2012 )

နိုင်ငံတကာ ထူးခြားသတင်းများ (၁၁.၁၁.၂၀၁၂)

(၁) အသက်(၁၀၀)အရွယ်ရှိ အဘိုးအို အသက် (၁၀၆)နှစ်အရွယ်ရှိ အဘွားအိုနှင့်အတူ
ဘိုးဘွားရိပ်သာတွင် အတူနေ
 
လွန်ခဲ့သော ဆယ်နှစ်က ဘိုးဘွားရိပ်သာတွင် ချစ်မေတ္တာတရား
တံခါးခေါက်လာလိမ့်မည်ဟု အဘိုးအို Chen Honghui မတွေးမိခဲ့ချေ။ ထို့စဉ်က
အဘွားအို Huang Jiankai မှာ အသက်(၉၆)နှစ်အရွယ်မျှသာ ရှိသေးသည်။
သူတို့နှစ်ဦး မျက်လုံးချင်း ဆုံမိသောအချိန်တွင် အဘိုးအိုမှာ
အသည်းခိုက်သွားလေတော့သည်။
ဆယ်စုနှစ်တစ်ခုအကြာ ယခုအချိန်တွင်မူ အဘိုးအိုမှာ အသက်တစ်ရာအရွယ်
ရှိနေပြီး၊ အဘွားအိုမှာ အသက်(၁၀၆)နှစ် ရှိနေပေပြီ။ သူတို့နှစ်ဦးသည်
လူငယ်စုံတွဲများကဲ့သို့ပင် ချစ်ခင်နေထိုင်ကြသည်။ သူတို့နှစ်ဦးသည်
အခြားအဘိုးအဘွားများနှင့် အများအပြားတွင် သဘောထားမတိုက်ဆိုင်ဘဲ
နှစ်ဦးတည်းသာ တစ်ချိန်လုံး နီးနီးကပ်ကပ်နေပြီး အရာရာကို အတူလက်တွဲ
လုပ်လေ့ရှိကြသည်။ ထို့ကြောင့်ပင် Chen နှင့် Huang တို့သည်
ဘိုးဘွားရိပ်သာတွင် သူငယ်ချင်းအားလုံး ဆုံးရှုံးသွားခဲ့သလောက်ပင်
ဖြစ်ခဲ့ကြရသည်။
သို့ရာတွင် သူတို့သည် နှစ်ပေါင်းအတော်ကြာပင်
လင်မယားစုံတွဲပုံစံမျိုး နေထိုင်လာခဲ့ကြပြီး တရုတ်နိုင်ငံတောင်ပိုင်း
ဂွန်ဒေါင်စီရင်စုဒေသ Lunjiao မြို့ရှိ သူတို့နေထိုင်ရာ ဘိုးဘွားရိပ်သာမှ
ဝန်ထမ်းများနှင့် သူနာပြုများကလည်း အားပေးကူညီခဲ့ကြသည်။
Chen အတွက်မူ သူ၏မိန်းကလေး ပျော်ရွှင်ဖို့သာ အဓိကဖြစ်သလို သူ၏
နေ့စဉ်လုပ်ငန်းဆောင်တာများမှာလည်း သူမကို အစာကျွေးခြင်းနှင့်
ကိုယ်လက်သုတ်သင်ပေးခြင်းပင် ဖြစ်သည်။ ဘိုးဘွားရိပ်သာက ကျွေးမွေးသည့်
အစားအစာများကို Huang က ညည်းသူသည့်အခါတိုင်း "နံနက်စာ ဘယ်လိုနေလဲ။
လုံလောက်လား။ မင်းအတွက် ကိုယ်ချက်ပြုတ်ပေးပါရစေ.."စသည့် စကားတွေကို Chen
က ပြောလေ့ရှိသည်။
Chen သည် သူ၏ချစ်သူအတွက် အရာရာပြုလုပ်ပေးရန်
စိတ်အားထက်သန်လေ့ရှိပြီး ညည့်နက်သန်းခေါင် အချိန်မျိုးမှာပင် အိပ်ရာထကာ
သူမအတွက် ယာဂုချက်ပြုတ်ပေးသလို အပြင်ထွက်ကာ သူမအနှစ်သက်ဆုံး အစားအစာမျိုး
ဝယ်ပေးလေ့ရှိသည်။ "အဘိုးက သူမစားမီ အဘွားကို အရင်ကျွေးလေ့ရှိပါတယ်"ဟု
ကျန်းမာရေးဝန်ထမ်းဖြစ်သူ Mo Renwu က ပြောဆိုသည်။
ငယ်စဉ်က Chen သည် ရေဒီရိုဌာနတစ်ခုမှ သတင်းထောက်တစ်ဦးဖြစ်ပြီး၊
Huang မှာ ၁၉၇၀ ခုနှစ် သူမယောက်ျား သေဆုံးချိန်က ကလေးထိန်းအဖြစ်
အလုပ်လုပ်ကိုင်ခဲ့သည်။ သူတို့နှစ်ဦးလုံးတွင် သားသမီးမရှိသဖြင့်
အစိုးရပိုင် ဘိုးဘွားရိပ်သာသို့ ပြောင်းရွေ့လာခဲ့ကြသည်။
"အဘွားတို့နှစ်ဦးလုံး အသက်ကြီးနေပါပြီ။ လက်ထပ်ဖို့ဆိုတာ
အဘွားတို့အတွက် မလိုအပ်ပါဘူး။ အဘွားတို့နှစ်ဦးဟာ မိသားစုဝင်တွေနဲ့
တူညီကြပါတယ်။ အဘွားသူ့ကို ချစ်ပါတယ်။ အဘွားတို့နှစ်ဦးဟာ
သူငယ်ချင်းကောင်းတွေဖြစ်သလို တစ်ဦးကိုတစ်ဦး ဂရုစိုက်သွားပါမယ်" ဟု
အတိတ်မေ့ရောဂါ ခံစားနေရသည့်အဘွားအို Huang က ပြောဆိုခဲ့သည်။
မူလက သူတို့သည် သီးခြားတိုက်ခန်းအလွှာတွင် နေထိုင်ခဲ့ကြသည်။
မနှစ်က အဘွားဖြစ်သူ Huang လမ်းမလျှောက်နိုင်တော့သဖြင့် သူတို့နှစ်ဦးကို
သီးခြားအခန်းတစ်ခုထဲသို့ ရွေ့ပြောင်းပေးခဲ့ရသည်။ "ဒီအဘိုးအဘွားစုံတွဲကို
တွေ့မြင်ရတော့ ကျွန်မ အလွန်အမင်း ခံစားရပါတယ်။ ဒါကြောင့်
သူတို့နှစ်ဦးကို အတူတူ နေခွင့်ပေးခဲ့ပါတယ်။
ဒီဘိုးဘွားရိပ်သာမှာဆိုရင်တော့ ဒါဟာ တစ်ခုတည်းသော စုံတွဲနေခွင့်ရတဲ့
အခန်းပါ" ဟု ဘိုးဘွားရိပ်သာ အုပ်ချုပ်ရေးမှုး Lin Yuyan က ပြောဆိုခဲ့သည်။
Source: Southern Metropolis Daily(1st November 2012)

ပြောချင်ရာများ ပြောခဲ့ဖို့...