Wednesday, March 13, 2013

သမ္မာကျမ်းစာနှင့် မီးသွေးခြင်းတောင်း




ဒီပုံပြင်ကိုတော့ အရှေ့ပိုင်း ကင်တက်ကီ တောင်တန်းဒေသရှိ လယ်ယာမြေတစ်ခုမှာ မြေးယောက်ျားလေးနှင့်အတူ  နေထိုင်နေတဲ့ အဘိုးအိုတစ်ဦးက ပြောပြခဲ့ပါတယ်။ အဘိုးအိုဟာ နံနက်တိုင်း စောစောထပြီး မီးဖိုချောင် စားပွဲမှာထိုင်ကာ သူရဲ့ ဟောင်းနွမ်းစုတ်ပြဲနေတဲ့ သမ္မာကျမ်းစာအုပ်ကို ဖတ်လေ့ရှိပါတယ်။ အဘိုးလို ဖြစ်ချင်နေတဲ့ သူ့မြေးဟာ အဘိုးလုပ်သမျှ တတ်နိုင်သလောက် လိုက်လံတုပဖို့ ကြိုးစားကြည့်ပါတယ်။
တစ်နေ့မှာတော့ မြေးက ပြောလာပါတယ်။ “အဘိုးရေ…ကျွန်တော်လည်း အဘိုးလိုပဲ သမ္မာကျမ်းစာကို ဖတ်ဖို့ ကြိုးစားကြည့်ပါတယ်။ ဒါပေမယ့် ကျွန်တော် နားမလည်ဘူးဗျာ။ ကျွန်တော် နားလည်ထားတာကတော့ စာအုပ်ကို ပိတ်လိုက်ပြီးတဲ့နောက် ချက်ချင်းမေ့သွားတယ် ဆိုတာပါပဲ။ သမ္မာကျမ်းစာကိုဖတ်ရင် ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်သလဲဗျ” အဘိုးအိုဟာ မီးဖိုထဲ မီးသွေးတွေ ထည့်နေရင်းမှ လှည့်ကြည့်ကာ အေးဆေးစွာ ပြောလိုက်ပါတယ်။ “ဒီ မီးသွေးခြင်းတောင်းကို ယူရင်း မြစ်ဆီသွားလိုက်ပါ။ ပြီးရင် ရေတစ်ခြင်း ထည့်ယူလာခဲ့ပါ။”
လူကလေးက ပြောတဲ့အတိုင်း လုပ်ဆောင်ပါတယ်။ ဒါပေမယ့် သူ အိမ်ပြန်မရောက်မီ ရေတွေအားလုံး စိမ့်ထွက်ကျကုန်တယ်။ အဘိုးက ရယ်ပြီးပြောလိုက်ပါတယ်။ “နောက်တစ်ကြိမ်ဆို ငါ့မြေး ပိုပြီး မြန်မြန် ပြေးလာရလိမ့်မယ်။” အဲဒီနောက် အဘိုးဟာ မြေးကို မြစ်ဆီသွားပြီး နောက်တစ်ကြိမ် ရေထည့်လာဖို့ စေခိုင်းလိုက်ပြန်တယ်။ ဒီအကြိမ်မှာတော့ လူငယ်လေးဟာ ပိုပြီးမြန်အောင်  ပြေးပါတယ်။ ဒါပေမယ့် မီးသွေးခြင်းတောင်းကတော့ အိမ်မရောက်မီမှာပင် ရေတွေ ကုန်သွားပြန်တယ်။ သူဟာ ဟောဟဲလိုက်ရင်း  ခြင်းတောင်းတစ်လုံးနဲ့ ရေခပ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူးလို့ အဘိုးကို ပြောလိုက်ပါတယ်။ ပြီးတော့ ရေဆွဲပုံးတစ်လုံးရှာဖို့  ထွက်သွားပါတယ်။ အဘိုးက ပြောပါတယ်။ “အဘိုး ရေဆွဲပုံးနဲ့ရေကို  မလိုချင်ဘူး။ ဝါးခြင်းတောင်းနဲ့ရေကိုသာ လိုချင်တာပါ။ ငါ့မြေး လုပ်ပေးနိုင်ပါတယ်။ ငါ့မြေးဟာ ကောင်းမွန်လုံလောက်စွာ ကြိုးစားအားထုတ်မှု မရှိခဲ့လို့ပါ။” အဲဒီနောက် အဘိုးဟာ သူ့မြေး နောက်တစ်ကြိမ် ကြိုးစားတာကို စောင့်ကြည့်ဖို့ တံခါးအပြင် ထွက်လိုက်ပါတယ်။
မြေးက ဒီတစ်ကြိမ်မှာလည်း မဖြစ်နိုင်ဘူးဆိုတာ သိနားလည်ပါတယ်။ ဒါပေမယ့် သူ ဘယ်လောက်ပဲ ခပ်မြန်မြန်ပြေးပါစေ၊ အဝေးကြီးမရောက်မီ ရေတွေအားလုံး စိမ့်ထွက်ကျကုန်လိမ့်မယ်ဆိုတာ အဘိုးဖြစ်သူကို ပြသချင်ခဲ့တယ်။ မြေးဟာ ရေထည့်ကာ ခပ်မြန်မြန် ပြေးလာပါတယ်။ ဒါပေမယ့် အဘိုးဆီ သူ ပြန်ရောက်တဲ့အချိန်မှာ ခြင်းတောင်းထဲ ရေမကျန်တော့ပါဘူး။ သူဟာ မောပန်းစွာနဲ့ ပြောလိုက်ပါတယ်။ “ဒါဟာ အချည်းနှီးပဲဆိုတာ အဘိုး တွေ့တယ်မို့လား။” အဘိုးအိုက ပြန်ပြောလိုက်ပါတယ်။ “ခြင်းတောင်းကို ကြည့်လိုက်စမ်းပါ”
မြေးက ခြင်းတောင်းကို ကြည့်လိုက်ပါတယ်။ ခြင်းတောင်းဟာ ယခင်နဲ့ မတူတော့တာကို ပထမဆုံးအကြိမ် သူ သတိပြုမိလိုက်ပါတယ်။ ညစ်ပတ်နေတဲ့ မီးသွေးခြင်းတောင်း မဟုတ်တော့ဘဲ သန့်ရှင်းနေတဲ့ ခြင်းတောင်းဖြစ်သွားပါပြီ။
 “မြေးရေ…သမ္မာကျမ်းစာကို ဖတ်တဲ့အခါ အဲဒီလို ဖြစ်လာပါလိမ့်မယ်။ သမ္မာကျမ်းစာထဲပါတဲ့ စာသားအားလုံးကိုတော့ ငါ့မြေး နားလည်ချင်မှ နားလည်မှာပါ။ အားလုံး မှတ်မိချင်မှလည်း မှတ်မိမှာပါ။ ဒါပေမယ့် ငါ့မြေး ဖတ်လိုက်တဲ့အခါ သမ္မာကျမ်းစာက ငါ့မြေးရဲ့ အတွင်းစိတ်ကို စတင်ပြောင်းလဲ ပေးပါလိမ့်မယ်။”
မီးသွေးခြင်းတောင်းက ပေးသော သင်ခန်းစာ
နေ့စဉ်နေ့တိုင်း ဘုရားသခင်ရဲ့စကား တစ်စိတ်တစ်ပိုင်းလောက်ဖတ်ဖို့ အချိန်ပေးကြည့်ပါ။ သင်ဟာ ဖတ်ထားသမျှ အများကြီး သတိရှိရှိနဲ့ မလိုက်နာနိုင်သေးလျှင်ပင် ကောင်းမွန်တဲ့ အကျိုးဆက်တွေ သင့်အပေါ် သက်ရောက်လာပါလိမ့်မယ်။
………………………
ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ကတော့ ဗုဒ္ဓစကား နေ့တိုင်းကြားနာ၊ ဖတ်ရူ့ကြည့်ရပါမယ်။ ကျွန်တော်တို့လည်း ဗုဒ္ဓစကားကို အားလုံးနားလည်ချင်မှ နားလည်မှာပါ။ နားလည်ထားသလောက် လက်တွေ့ကျကျ စတင်ကျင့်ကြံ လိုက်နာမည်ဆိုလျှင် ညစ်နွမ်းခက်ထန်နေတဲ့ စိတ်သဘောထားတွေ တဖြည်းဖြည်း ပျော့ပျောင်း ပြောင်းလဲလာလိမ့်မယ်လို့ ယုံကြည်ပါတယ်။
စိတ်ကသာ အရာရာ ဦးဆောင်ပါတယ်။ ကုသိုလ်ရေးနဲ့ စိတ်ကောင်းစိတ်မြတ် မွေးနိုင်ဖို့ဆိုတာ စိတ်ထဲမှာ ဗုဒ္ဓစကားတွေ ရှိနေမှသာ ဖြစ်နိုင်မှာပါ။ လက်တွေ့ကျကျ ကျင့်ကြံနိုင်ဖို့ဆိုတာကတော့ တရားစကားတွေ တတ်နိုင်သလောက် လိုက်နာလုပ်ဆောင်ခြင်းဖြင့်သာ စတင်နိုင်ပါတယ်။ 

နေလင်းအောင် ဘာသာပြန်ဆိုသည်။
Ref; The Bible and the Old Wicker Coal Basket by Unknown Author
မူရင်း အင်္ဂလိပ်စာ

ပန်းသီးပင်


တစ်ခါက ပန်းသီးပင်တစ်ပင် ရှိခဲ့တယ်။ လူငယ်လေးတစ်ဦးဟာ နေ့စဉ်နေ့တိုင်း ပန်းသီးပင်နားလာပြီ့း ကစားရတာကို နှစ်သက်နေခဲ့ပါတယ်။ သူဟာ ပန်းသီးပင်ပေါ်တက်၊ ပန်းသီးများကို စားပြီး ပန်းသီးပင်အရိပ်မှာ တရေးတမော အိပ်စက်လေ့ရှိခဲ့တယ်။
သူဟာ ပန်းသီးပင်ကို နှစ်သက်သလို ပန်းသီးပင်ကလည်း သူနဲ့အတူ ကစားရတာကို နှစ်သက်ခဲ့ပါတယ်။ အချိန်တွေ ကုန်ဆုံးလာသလို လူငယ်လေးလည်း အရွယ်ရောက်လာတဲ့အတွက် ပန်းသီးပင်နားလာပြီး နေ့တိုင်း မကစားတော့ပါဘူး။
တစ်နေ့မှာတော့ လူငယ်လေးဟာ ပန်းသီးပင်ဆီ ရောက်လာပြီး စိတ်မကောင်း ဖြစ်နေခဲ့ပါတယ်။
“င့ါဆီလာပြီး အတူကစားလှည့်ဦးလေ”လို့ ပန်းသီးပင်က လူငယ်လေးကို ပြောဆိုလိုက်ပါတယ်။
“ကျွန်တော် ကလေးမဟုတ်တော့ဘူးဗျ။ သစ်ပင်တွေနဲ့ မကစားချင်တော့ဘူး”လို့ လူငယ်လေးက ပြန်ပြောလိုက်ပါတယ်။
“ကျွန်တော် အရုပ်တွေ လိုချင်တယ်။ အဲဒါတွေဝယ်ယူဖို့ ငွေလိုတယ်ဗျ”
 “စိတ်မကောင်းပါဘူးကွာ။ ငါ့ဆီမှာတော့ ငွေမရှိဘူး။ ဒါပေမယ့် ငါ့ပန်းသီးတွေ ခူးဆွတ်ပြီး ရောင်းနိုင်ပါတယ်။ ဒါဆိုရင် မင်း ငွေရလိမ့်မယ်။”
လူငယ်လေးဟာ အလွန်စိတ်လှုပ်ရှားသွားတယ်။ သူဟာ ပန်းသီးအားလုံး ခူးဆွတ်ပြီး ပျော်ရွှင်စွာ ထွက်ခွာသွားပါတယ်။ လူငယ်လေးဟာ ပန်းသီးတွေ ခူးဆွတ်ပြီးတဲ့နောက် ပန်းသီးပင်ဆီ ပြန်မလာတော့ပါဘူး။ ပန်းသီးပင်ဟာ ဝမ်းနည်းနေခဲ့ပါတယ်။
တစ်နေ့မှာတော့ လူကြီးတစ်ယောက် ဖြစ်လာပြီဖြစ်တဲ့ လူငယ်လေး ပြန်လာတာကိုမြင်တော့  ပန်းသီးပင်ဟာ စိတ်လှုပ်ရှားသွားတယ်။
“ငါနဲ့အတူ ကစားရအောင်”လို့ ပန်းသီးပင်က ပြောလိုက်ပါတယ်။
        “ကျွန်တော့်မှာ ကစားဖို့ အချိန်မရှိပါဘူးဗျာ။ ကျွန်တော့်မိသားစုအတွက် အလုပ်လုပ်ရဦးမယ်။ ကျွန်တော်တို့မှာ အမိုးအကာရဖို့ အိမ်တစ်လုံး လိုအပ်နေတယ်။ ခင်ဗျား ကျွန်တော့်ကို ကူညီပေးနိုင်မလား”
“စိတ်မကောင်းပါဘူး။ ငါ့မှာတော့ အိမ်တစ်လုံးမှ မရှိဘူး။ ဒါပေမယ့် မင်းအတွက် အိမ်ဆောက်ဖို့ ငါ့အကိုင်းတွေကို ခုတ်ချနိုင်ပါတယ်။”
လူငယ်လေးဟာ ပန်းသီးပင်ရဲ့ အကိုင်းအားလုံး ခုတ်ယူပြီး ပျော်ရွှင်စွာ ထွက်ခွါသွားပြန်တယ်။ သူ ပျော်ရွှင်သွားတာကို မြင်ရတော့ ပန်းသီးပင်ဟာ ဝမ်းသာသွားတယ်။ ဒါပေမယ့် အဲဒီအချိန်ကစပြီး ပန်းသီးပင်ဆီ သူ ပြန်ရောက်လာခြင်း မရှိတော့ပါဘူး။ ပန်းသီးပင်ဟာ အထီးကျန်ဖြစ်သွားပြီး စိတ်မကောင်း ဖြစ်သွားပြန်တယ်။
ပူအိုက်တဲ့ နွေရာသီတစ်နေ့မှာ သူပြန်လာတာမြင်တော့ ပန်းသီးပင်ဟာ ဝမ်းသာသွားပါတယ်။
“ငါနဲ့အတူ ကစားရအောင်”လို့ ပန်းသီးပင်က ပြောလိုက်တယ်။
 “ကျွန်တော်လည်း အသက်ကြီးလာပါပြီ။ အပန်းဖြေအနားယူဖို့ ရွက်လှေတစ်စင်းနဲ့ ခရီးထွက်ချင်တယ်။ ကျွန်တော့်ကို လှေတစ်စင်း ပေးနိုင်မလား”လို့ သူက ပြောလိုက်ပါတယ်။
“မင်းအတွက် လှေဆောက်ဖို့ ငါ့ပင်စည်ကို အသုံးပြုလိုက်ပါ။ ဒါဆိုရင် အဝေးကြီး ရွက်လွှင့်သွားနိုင်လို့ မင်း ပျော်သွားလိမ့်မယ်။ ”
 သူဟာ သစ်ပင်ရဲ့ ပင်စည်ကိုဖြတ်ပြီး လှေပြုလုပ်ပါတယ်။ သူဟာ ရွက်လွှင့်ရင်း ခရီးထွက်သွားခဲ့တယ်။
နှစ်ပေါင်းများစွာကြာပြီး တစ်နေ့မှာတော့ သူ ပြန်ရောက်လာခဲ့တယ်။
“လူကလေးရေ…စိတ်မကောင်းပါဘူး။ မင်းအတွက် ငါ့မှာ ဘာမှမရှိတော့ဘူး။ ပန်းသီးတွေလည်း မရနိုင်တော့ဘူး”လို့ ပန်းသီးပင်က ပြောဆိုပါတယ်။
“ကိစ္စမရှိပါဘူးဗျာ။ ကျွန်တော်မှာလည်း ကိုက်ဖြတ်စရာ သွားတစ်ချောင်းမှ မရှိတော့ဘူး”လို့ သူက ပြန်ပြောလိုက်ပါတယ်။
        “မင်းတက်ဖို့ သစ်ကိုင်းတွေလည်း မရှိတော့ဘူး။”
“ခု ကျွန်တော်လည်း အိုမင်းမစွမ်းဖြစ်လာလို့ မတက်နိုင်တော့ပါဘူးဗျာ”လို့ သူက ပြန်ပြောပါတယ်။
“မင်းကို တစ်ခုမှ မပေးနိုင်တော့တာ တကယ်ပါ။ ငါ့မှာ ခြောက်သွေ့နေတဲ့ အမြစ်တွေပဲ ကျန်ပါတော့တယ်”လို့ ပန်းသီးပင်က မျက်ရည်စက်လက်နဲ့ ပြောဆိုပါတယ်။
“ခုတော့ ကျွန်တော်လည်း အများကြီး မလိုအပ်တော့ပါဘူး။ အနားယူဖို့ တစ်နေရာသာ လိုအပ်တာပါ။ ဒီနှစ်တွေအတွင်း ကျွန်တော် ပင်ပန်းခဲ့တယ်ဗျာ”လို့ သူက ပြန်ပြောပါတယ်။
 “ကောင်းပြီလေ။ အပင်အိုကြီးတွေရဲ့ မြစ်ဆုံဟာ မှီပြီး နားခိုဖို့ အကောင်းဆုံးနေရာပါ။ ငါနဲ့အတူလာထိုင်ပြီး အနားယူလှည့်ပါ။”
သူ ထိုင်ချအနားယူလိုက်တော့ ပန်းသီးပန်ဟာ ဝမ်းသာသွားပြီး မျက်ရည်စက်လက်နဲ့ ပြုံးလိုက်ပါတယ်။
ဒီပုံပြင်ကတော့ လူတိုင်းရဲ့ ဖြစ်ရပ်နဲ့ တူညီပါတယ်။ ပန်းသီးပင်ဟာ ကျွန်တော်တို့ရဲ့ မိဘတွေလိုပါပဲ။ ကျွန်တော်တို့ ငယ်စဉ်က အဖေ အမေနဲ့ ကစားရတာကို နှစ်သက်ပါတယ်။ ကျွန်တော်တို့ အရွယ်ရောက်လာတဲ့အခါ မိဘတွေဆီက ထွက်ခွာသွားပါတယ်။ တစ်ခုခု လိုချင်တဲ့အခါ ဒါမှမဟုတ် ဒုက္ခတွေ့ကြုံရတဲ့ အခါမှသာ မိဘတွေဆီ ပြန်ရောက်လာပါတယ်။ မည်သို့ပင်ဖြစ်စေ မိဘတွေကတော့ သင့်ကို ပျော်ရွှင်စေဖို့ အရာရာပေးဆပ်ဖို့ အမြဲတမ်း အဆင်သင့် ရှိနေပါလိမ့်မယ်။
လူကလေးဟာ ပန်းသီးပင်အပေါ် ရက်စက်လွန်းတယ်လို့ သင် ထင်မိပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့အားလုံးလည်း မိဘတွေအပေါ် အဲဒီလိုမျိုး ပြုမှုနေကြပါတယ်။ ကျွန်တော်တို့ဟာ အချိန်အတော်လွန်မှသာ သူတို့ရဲ့ အရေးပါမှုနဲ့် သူတို့လုပ်ပေးခဲ့သမျှကို နားလည်လာပါတော့တယ်။
သင်ခန်းစာ
သင့်မိဘတွေကို ချစ်ခင်မြတ်နိုးစွာ ဂရုစိုက်ပေးလိုက်ပါ။ သင်ဟာ သူတို့ရဲ့ ဘာမှမရှိတော့တဲ့ ထိုင်ခုံကို တွေ့မြင်တဲ့အချိန်မှာ မိဘတန်ဖိုးကို သိလာပါလိမ့်မယ်။ ကျွန်တော်တို့ဟာ မိဘမဖြစ်မချင်း ကျွန်တော်တို့အပေါ်ထားရှိတဲ့ မိဘမေတ္တာကို ဘယ်တော့မှ နားလည်သိရှိမှာ မဟုတ်ပါဘူး။ 

နေလင်းအောင်
Ref; Our Apple Tree by Unknown Author

ချစ်မေတ္တာ စာစုများ (၅)





အချစ်ဆိုတာ ပျက်လုံးတစ်ခု မဟုတ်ဘူး။
အချစ်ဆိုတာ ကစားပွဲတစ်ပွဲ မဟုတ်ဘူး။
သင်ဟာ အချစ်ကို တွေ့ကြုံလာတဲ့အခါ
ယခင်ကနဲ့ မတူညီတော့ပါဘူး။

အချစ်ဆိုတာ အဆုံးသတ်မရှိဘူး။
အချစ်ဆိုတာ အမှားအယွင်း မရှိဘူး။
အချစ်ဆိုတာ သင့်ကို အားနည်းအောင် လုပ်နိုင်တယ်။
အချစ်ဆိုတာ သင့်ကို အားသန်အောင် လုပ်နိုင်တယ်။

အချစ်ဆိုတာ စကားလုံးတွေထက် ပိုတယ်။
အချစ်ဆိုတာ ပေးဆပ်ခြင်းထပ် ပိုတယ်။
အချစ်ဆိုတာ သင့်ကို ငိုကြွေးစေနိုင်တယ်။
အချစ်ဆိုတာ သင့်ကို သီချင်းဆိုစေနိုင်တယ်။

အချစ်ဆိုတာ အမြဲတမ်း မှန်ကန်တယ်။
အချစ်ဆိုတာ အမြဲတမ်း ကြင်နာတယ်။
အချစ်ဆိုတာ တွေ့ကြုံရသမျှ ဖြစ်တယ်။
အချစ်ဆိုတာ သင်တွေ့နေသမျှ မဟုတ်ပါဘူး။

အချစ်ဆိုတာ သင့်နှလုံးသားအတွင်းမှာ ကြီးထွားလာတဲ့ ခံစားချက်တစ်ခု ဖြစ်တယ်။
အချစ်မှာ သင့်လောကကြီးကို ဖျက်စီးပစ်နိုင်လောက်တဲ့ စွမ်းအားတွေ ရှိတယ်။

နေလင်းအောင်
www.naylinaung1.blogspot.com

မူရင်း အင်္ဂလိပ်စာ


ချစ်မေတ္တာ စာစုများ(၄)





မိန်းကလေး။ ။ရှင် ဘာဖြစ်လို့ ကျွန်မနောက် တကောက်ကောက် လိုက်နေရတာလဲ။
ယောက်ျားလေး။ ။မင်း အရမ်းလှတယ်။ ကိုယ် မင်းကို ချစ်သွားပြီထင်တယ်။
မိန်းကလေး။ ။တကယ်ပြောတာလား။ ဒါပေမယ့် ရှင် ကျွန်မသူငယ်ချင်းကို မတွေ့ရသေးလို့ပါ။ သူငယ်ချင်းက ကျွန်မထက်ပိုလှတယ်။ ရှင့်နောက်မှာ ကျွန်မ သူငယ်ချင်း ရောက်နေတယ်။
(ယောက်ျားလေးဟာ သူ့နောက် လှည့်ကြည့်လိုက်ပေမယ့် တစ်ယောက်မှ မတွေ့မြင်ရပါဘူး။)
ယောက်ျားလေး။ ။မင်း ကိုယ့်ကို ဟာသထုတ်နေတာလား။ ကိုယ့်နောက်မှာ ဘယ်သူမှလည်း မရှိဘူး။
မိန်းကလေး။ ။မဟုတ်ပါဘူးရှင်။ ရှင်သာ ကျွန်မကို တကယ်ချစ်လို့ကတော့ ရှင့်နောက်ကို လှည့်ကြည့်မှာမဟုတ်ဘူး။ အချစ်ဆိုတာ မျက်နှာသွင်ပြင် လှပမှုကြောင့် ဖြစ်ပေါ်လာတာ မဟုတ်ဘူး။ နှလုံးသား လှပမှုကြောင့်သာ ဖြစ်ပေါ်လာရတာပါ။ 


နေလင်းအောင်
www.naylinaung1.blogspot.com
 

မူရင်း အင်္ဂလိပ်စာ

ပြောချင်ရာများ ပြောခဲ့ဖို့...