Tuesday, January 22, 2013

ပါးနပ်လိမ္မာ တုန့်ပြန်ပါ





     တစ်ခါက ချမ်းသာတဲ့ လူတစ်ဦးဟာ အာဖရိကရှိ ဆာဖာရီတိရစ္ဆာန်ဥယျာဉ်တစ်ခုသို့ သွားရောက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူဟာ သစ္စာရှိတဲ့ ဒက်ခ်ျဟောင်းခွေးတစ်ကောင်ကို သူနဲ့အတူ ခေါ်ဆောင်လာခဲ့ပါတယ်။
     တစ်နေ့မှာတော့ ဒက်ခ်ျဟောင်းခွေးဟာ လိပ်ပြာတွေနောက်လိုက်ရာ မကြာမီ လမ်းပျောက်သွားခဲ့တယ်။ ဟိုဟိုဒီဒီ လှည့်လည်သွားလာနေစဉ် ကျားသစ်တစ်ကောင်ဟာ နေ့လယ်စာအဖြစ် သူ့ကိုစားဖို့ ရည်ရွယ်ရင်း သူ့ဆီ လျင်မြန်စွာ ဦးတည်ပြေးလာတာကို တွေ့မြင်လိုက်ပါတယ်။
     ဒက်ခ်ျဟောင်းခွေး စဉ်းစားလိုက်မိတယ်။ “ခုတော့ ငါတကယ့်ကို ဒုက္ခရောက်ပြီ။” အဲဒီနောက် သူ့အနီး မြေပြင်ပေါ်မှာ အရိုးအချို့ကို တွေ့မြင်လိုက်ပါတယ်။ သူ့နောက်မှာ ကြောင်မျိုးနွယ် ကျားသစ်ရောက်လာတော့ သူဟာ ချက်ချင်းထိုင်ချရင်း အရိုးအချို့ကို ဝါးလိုက်ပါတယ်။ ကျားသစ် သူ့အပေါ် ခုန်အုပ်မည် လုပ်တဲ့အချိန်မှာ ဒက်ခ်ျဟောင်းခွေးက ကျယ်လောင်စွာ အော်ပြောလိုက်ပါတယ်။ “ဟိတ်ကောင်…ဒါဟာ အရာသာရှိတဲ့ ကျားသစ်တစ်ကောင်ရဲ့ အရိုးပဲကွ။ ဒီနားမှာ အခြားကျားသစ်တစ်ကောင်များ ရှိသေးလား ရှာနေတာနဲ့ အတော်ပဲ။”
     ဒါကိုကြားတဲ့အခါ ကျားသစ်ဟာ လမ်းတစ်ဝက်မှာပဲ တိုက်ခိုက်မှုကို ရပ်တန့်တယ်။ သူ့အပေါ် ကျရောက်လာမယ့် အန္တရာယ်ကို ထိတ်လန့်ကြောက်ရွံ့ရင်း သစ်ပင်တွေပေါ် အမြီးကုပ် တက်သွားပါတယ်။ “ဝူး…အတော်ကို နီးတာပဲ။ ဒက်ခ်ျဟောင်းခွေး ငါ့ကို စားတော့မလို့ပဲ။”လို့ ကျားသစ်က ပြောလိုက်ပါတယ်။
     အဲဒီအချိန်မှာ အနီးအနားရှိ သစ်ပင်တစ်ပင်မှ ဖြစ်ရပ်အားလုံး တွေ့မြင်လိုက်တဲ့ မျောက်တစ်ကောင်ဟာ ကျားသစ်ရန်မှ ကာကွယ်ရာတွင် ဒီပညာကို အကျိုးရှိရှိအသုံးချရန် တွက်ချက်လိုက်မိပါတယ်။ ဒါကြောင့် သူဟာ (ကျားသစ်ဆီ) သွားလိုက်ပါတယ်။
     မကြာမီ မျောက်ဟာ ကျားသစ်ဆီ် ရောက်ပါတယ်။ သူဟာ ဖော်ကောင်လုပ်ရင်း ကျားသစ်နဲ့ အလောင်းအစား ပြုလုပ်လိုက်ပါတယ်။ ကျားသစ်ဟာ သူ အရူးလုပ်ခံရတာကို တွေးမိတော့ ဒေါသထွက်ရင်း ပြောလိုက်ပါတယ်။     “ ဟေ့ကောင် မောင်မျောက်…ငါ့ကျောကုန်းပေါ်တက်လိုက်။ ဥာဏ်များတဲ့ခွေး ဘာဖြစ်သွားမယ်ဆိုတာ ပြရသေးတာပေါ့။”
     ဒါပေမယ့် ဒက်ခ်ျဟောင်းခွေးဟာ သူ့ဆီကို ဦးတည်ရင်း အလျင်အမြန်ပြေးလာတဲ့ ကျားသစ်အပေါ်မှာ တစ်ခုခုပါလာတာကို တွက်ချက်မိလိုက်ပါတယ်။
     ဒက်ခ်ျဟောင်းခွေးဟာ ကျောပေါ်မှာ မျောက်နဲ့အတူ ရောက်လာတဲ့ ကျားသစ်ကိုတွေ့တော့ “ခု ဘာလုပ်သင့်သလဲ။”လို့ စဉ်းစားလိုက်ပါတယ်။ သူဟာ ထွက်မပြေးဘဲ ရန်သူနှစ်ဦးကို ကျောပေးထိုင်ရင်း မမြင်သေးသယောင် ဆောင်နေလိုက်ပါတယ်။ သူပြောတာ ကြားနိုင်လောက်အောင် နီးလာတဲ့အခါမှ ဒက်ခ်ျဟောင်းခွေးက ပြောလိုက်ပါတယ်။ “ဒီမျောက်စုတ် ဘယ်သွားနေတာလဲ။ ငါ့အတွက် အခြားကျားသစ်တစ်ကောင် ယူလာဖို့လွှတ်လိုက်တာ နာရီဝက်တောင် ကြာနေပါလားကွ။”
   
  *****************

Moral: It doesn't matter what cards you hold but how you play them!
သင်ခန်းစာ။ ။ ဘယ်လိုဖဲချပ်တွေ  ကိုင်ဆောင်ထားတယ်ဆိုတာ အရေးမကြီးဘူး။ အဲဒီဖဲချပ်တွေနဲ့ ဘယ်လိုကစားမယ်ဆိုတာကသာ အရေးကြီးပါတယ်။ 

နေလင်းအောင် ဘာသာပြန်ဆိုသည်။
www.naylinaung1.blogspot.com

ဆရာဝန်တစ်ဦးရဲ့ တာဝန်သိတတ်မှု




    

       အရေးပေါ် ခွဲစိတ်ကုသပေးဖို့ ဖုန်းခေါ်ဆိုခြင်း ခံရပြီးနောက် ဆရာဝန်တစ်ဦးဟာ ဆေးရုံထဲ အလျင်အမြန် ဝင်လာခဲ့ပါတယ်။ သူဟာ အဝတ်အစားတွေ လဲဝတ်ရင်း ခွဲစိတ်ဆောင်ဘက်သို့ ချက်ချင်းသွားလိုက်ပါတယ်။ ခန်းမကြီးထဲမှာ ဆရာဝန်ကိုစောင့်ရင်း ဂဏာမငြိမ် လမ်းလျှောက်နေတဲ့ ကောင်ကလေးရဲ့ဖခင်ကို သူ တွေ့မြင်လိုက်ပါတယ်။
      ဆရာဝန်ကို တွေ့မြင်တဲ့အခါ ကောင်ကလေးရဲ့ဖခင်က အော်ပြောလိုက်ပါတယ်။ “ခင်ဗျား ဘာကြောင့်  ဒီလောက်တောင် ကြာနေရတာလဲဗျ။ ကျွန်တော့်သား အသက်အန္တရာယ် ရှိနေတယ်ဆိုတာ မသိဘူးလား။ ခင်ဗျားမှာ ဆရာဝန်တစ်ယောက်ရဲ့ တာဝန်ဝတ္တရားတွေ ထမ်းဆောင်ဖို့ရာ အသိစိတ်ရော ရှိသေးရဲ့လား။”
       ဆရာဝန်က ပြုံးရင်း ပြန်ပြောလိုက်ပါတယ်။ “စိတ်မကောင်းပါဘူးဗျာ။ ကျွန်တော် ဆေးရုံမှာ မရှိလို့ပါ။ အတတ်နိုင်ဆုံး အမြန်လာခဲ့ရတာပါ။ ခင်ဗျား တည်တည်ငြိမ်ငြိမ်နဲ့ ထိုင်နေစေချင်ပါတယ်။ သို့မှသာ ကျွန်တော် လုပ်စရာရှိတာ လုပ်နိုင်ပါလိမ့်မယ်။”
       “တည်တည်ငြိမ်ငြိမ် ထိုင်နေရမယ် ဟုတ်လား။ ခု ခင်ဗျားရဲ့ သား ဒီခွဲစိတ်ခန်းထဲ ရောက်နေမယ်ဆိုရင် ခင်ဗျားရော တည်တည်ငြိမ်ငြိမ်နဲ့ ထိုင်နေနိုင်လို့လား။ ခင်ဗျားသားသာ သေသွားမယ်ဆိုရင် ခင်ဗျား ဘာလုပ်မှာလဲဗျ။” လို့ လူကလေးရဲ့ ဖခင်က ဒေါသတကြီးနဲ့ ပြောလိုက်ပါတယ်။
       ဆရာဝန်က ပြုံးလိုက်ရင်း ပြောလိုက်ပါတယ်။ “ခရစ်ယာန် သမ္မာကျမ်းစာမှာ ပါတဲ့ အကြောင်းအရာလေးကို ပြောပါရစေ။ ကျွန်တော်တို့ဟာ ဘုရားသခင်ရဲ့ အလိုတော်အတိုင်း သင်္ချိုင်းကလာပြီး သင်္ချိုင်းသို့ပဲ ပြန်သွားရမယ်တဲ့။ ဆရာဝန်တွေဟာ အသက်ထပ်ရှည်အောင် မပြုလုပ်ပေးနိုင်ပါဘူး။ ဘုရားသခင်ဆီသွားပြီး ခင်ဗျားသားအတွက် ဆုတောင်းမေတ္တာပို့သလိုက်ပါ။ ဘုရားသခင်ရဲ့ ကျေးဇူးတော်အတိုင်းပဲ ကျွန်တော်တို့ အကောင်းဆုံး ကုသပေးပါမယ်။”
     “ငါတို့လည်း စိုးရိမ်ပူပန်မှု မရှိတဲ့အချိန်မှာ အကြံပေးနိုင်တာပေါ့ကွာ။ ဒါလောက်က အလွယ်လေးပါ” လို့ ကောင်ကလေးဖခင်က တီးတိုးရေရွတ်လိုက်ပါတယ်။
နာရီအနည်းငယ်အကြာ ခွဲစိတ်ပြီးနောက် ဆရာဝန်က (ခွဲခန်းထဲမှ) ပြောရွှင်စွာ ထွက်လာရင်း ပြောလိုက်ပါတယ်။ “ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းလိုက်ပါတော့။ ခင်ဗျားသားရဲ့ အသက် ကယ်တင်ပြီးပါပြီ။”
      ဆရာဝန်ဟာ ကောင်ကလေးရဲ့ဖခင် ပြန်ပြောမှာကို မစောင့်တော့ဘဲ ကိုယ့်လမ်းကို ဆက်ပြေးသွားရင်း ပြောလိုက်ပါတယ်။ “ခင်ဗျားမှာ မေးစရာရှိသေးတယ်ဆိုရင် သူနာပြုဆရာမကိုပဲ မေးလိုက်ပါ။”
      ဆရာဝန်ထွက်သွားလို့ မကြာမီ သူနာပြုဆရာမကို မြင်သောအခါ  ကောင်ကလေးရဲ့ဖခင်က ဝေဖန်ပြောဆိုလိုက်ပါတယ်။ “အဲဒီဆရာဝန် ဘာဖြစ်လို့ ဒီလောက်တောင် မာနကြီးရတာလဲ။ ကျွန်တော့်သားအခြေအနေ မေးဖို့ မိနစ်အနည်းငယ်လောက်တောင် မစောင့်နိုင်ဘူးလား။”
       သူနာပြုဆရာမက ပြန်ဖြေပါတယ်။ “ဆရာဝန်ကြီးရဲ့သား မနေ့က ယာဉ်မတော်တဆမှုကြောင့် သေသွားခဲ့တယ်။  ရှင့်သားကို ခွဲစိတ်ကုသပေးဖို့ ကျွန်မတို့ ဖုန်းခေါ်လိုက်တဲ့အချိန်မှာ ဆရာဝန်ကြီးဟာ သူ့သားရဲ့ ဈာပနာအခမ်းအနားမှာပဲ ရှိနေပါသေးတယ်။

*************

Stay calm in all situations so you can make decisions the best you can, be it in life or business… and thank your doctors for the excellence works they do.
 
ဘယ်အခြေအနေမျိုး ရောက်ရောက် တည်တည်ငြိမ်ငြိမ် နေလိုက်ပါ။ 
သို့မှသာ အကောင်းဆုံးဆုံးဖြတ်ချက်တွေ သင် ချမှတ်နိုင်ပါလိမ့်မယ်။ ရှင်သန်နေထိုင်ရာ ဘဝမှာရော၊ အလုပ်ခွင်မှာပါ တည်တည်ငြိမ်ငြိမ်နဲ့ နေထိုင်နိုင်ဖို့ ကြိုးစားပါ။
 ပြီးတော့ သင့်ရဲ့ ဆရာဝန်တွေကိုလည်း သူတို့ရဲ့ အကောင်းဆုံး ကုသပေးမှုအတွက် ကျေးဇူးစကား ပြောဆိုလိုက်ပါ။

 နေလင်းအောင် ဘာသာပြန်ဆိုသည်။
Ref;Doctor’s service! 
Author Unknown
Story Submitted By: Jectofer Arellano



Sunday, January 20, 2013

ပင်ကိုယ်စွမ်းရည်




         တစ်ခါက လူတစ်ဦးဟာ ပွဲဈေးတန်းတစ်ခုမှာ မိုးပျံပူဖောင်းတွေ ရောင်းနေခဲ့ပါတယ်။ အရောင်းအား ကျဆင်းနေတဲ့အချိန်မှာ သူဟာ လေထဲသို့ မိုးပျံပူဖောင်းအချို့ လွှတ်လိုက်ပါတယ်။ သို့မှသာ ပွဲဈေးမှာရှိတဲ့ ကလေးတွေဟာ လေထဲပျံလွှင့်နေတဲ့ မိုးပျံပူဖောင်းတွေကို ပျော်ရွှင်စွာ ကြည့်ကြပြီး သူတို့အတွက်လည်း မိုးပျံပူဖောင်းတစ်ခုခု ဝယ်ယူဖို့ရန် သူ့ဆီရောက်လာပါလိမ့်မယ်။
         
ဒီအလုပ်ဟာ သူရဲ့ နေ့စဉ်အလုပ်အကိုင်ဖြစ်ပြီး သူ့အတွက် ဝမ်းစာ ကောင်းကောင်းဖူလုံသည့်အထိ ရောင်းချလေ့ရှိပါတယ်။ တစ်နေ့မှာတော့ ကလေးငယ်တစ်ဦး သူ့ဆီရောက်လာပြီး ရိုးရိုးမေးခွန်းလေးတစ်ခု မေးလိုက်ပါတယ်။ “ဦးလေး…အနက်ရောက်ပူဖောင်းက အထက်ပျံနိုင်လား၊ မပျံနိုင်ဘူးလား”
        
ထိုသူက ပြန်ပြောလိုက်ပါတယ်။ “တကယ်တော့ မိုးပျံပူဖောင်းတစ်လုံး ပျံသန်းနိုင်တာ အရောင်ကြောင့် မဟုတ်ဘူး။ ပူဖောင်းထဲထည့်ထားတဲ့ ဟီလီယမ် ဓာတ်ငွေ့ကြောင့်ပါ”

ရရှိလာသော အတွေး

       မိုးပျံပူဖောင်းတစ်လုံးကို အထက်တက်ပျံသန်းနိုင်စေတာ ပူဖောင်းအရောင်ကြောင့် မဟုတ်ဘူး။ ပူဖောင်းထဲပါရှိတဲ့ ဟီလီယမ်ဓာတ်ငွေ့ကြောင့်သာ ဖြစ်ပါတယ်။
      လူတစ်ယောက်မှာ ပိုပြီးမြင့်မားတဲ့ ဘဝအောင်မြင်မှု တစ်ခုခုရအောင် ပြုလုပ်ပေးတာ သူရဲ့ ရုပ်ရည်၊ အရောင်အဆင်း၊ ပညာအရည်အချင်းနဲ့ အခြားတစ်ခုခုကြောင့် မဟုတ်ပါဘူး။ သူ့ရဲ့ ပင်ကိုယ်စွမ်းရည်၊ မိမိကိုယ်ကို ယုံကြည်စိတ်ချမှုနဲ့ အမြော်အမြင်ရှိမှုတို့ကြောင့် ဖြစ်ပါတယ်။ 

 နေလင်းအောင် ဘာသာပြန်ဆိုသည်။
Ref;Potential by Unknown Author


Friday, January 18, 2013

တစ်ဖက်သတ်အချစ်



          တစ်နေ့မှာ ဘုရားသခင်က ချစ်သူနှစ်ဦးထံ ကုလားထိုင်တစ်လုံး ပေးပို့လိုက်ပါတယ်။ ဒီကုလားထိုင်ရဲ့ စွမ်းဆောင်နိုင်မှုကတော့ သူ့အပေါ်တက်ထိုင်လိုက်တဲ့ လူတစ်ဦးဟာ အမှန်ကိုပြောမယ်ဆိုရင် အစိမ်းရောင်မီးသီး လင်းလာမယ်။ ညာပြောမယ်ဆိုရင်တော့ အနီရောင်မီးသီး လင်းလာပါမယ်တဲ့။
ယောက်ျားလေးက ကုလားထိုင်ပေါ်  အရင်ထိုင်လိုက်ပါတယ်။
        မိန်းကလေး။ ။ရှင် ကျွန်မကို ချစ်လား။
        ယောက်ျားလေး။   ။ ချစ်တာပေါ့။ (အနီရောင်မီးသီး လင်းလာတယ်။)
        မိန်းကလေး။         ။မစိုးရိမ်ပါနဲ့ရှင်။ ဘုရားသခင် ဖန်ဆင်းလိုက်တာ   အမှားတစ်ခုခု ပါလို့ပဲ ဖြစ်ရမယ်။ ကျွန်မ ရှင့်ကို နောက်တစ်ကြိမ် ပြန်မေးမယ်။ ဘာဖြစ်လာမလဲ စောင့်ကြည့်ကြတာပေါ့ရှင်။
        မိန်းကလေး။         ။ရှင် ကျွန်မကို ချစ်လား။
        ယောက်ျားလေး။   ။ ချစ်တာပေါ့။ (အစိမ်းရောင်မီးသီး လင်းလာတယ်။)
        ပထမအကြိမ် မိန်းကလေးမေးတုန်းက အနီရောင်မီးသီး ဘာကြောင့်လင်းရတယ်လို့ သင် ထင်ပါသလဲ။
        တကယ်တော့ ယောက်ျားလေးက မိန်းကလေးကို တကယ်မချစ်ဘဲ ချစ်တယ်လို့ ညာပြောခဲ့တဲ့အတွက်ကြောင့် အနီရောင်မီးသီး လင်းလာရတာပါ။
        ဒါပေမယ့် ဒုတိယအကြိမ်မှာတော့ သူဟာ သူ့အပေါ်ထားရှိတဲ့ မိန်းကလေးရဲ့ ယုံကြည်စိတ်ချမှုကို နားလည်ခံစားမိပြီး သူမကို တကယ်ချစ်လာတဲ့ အတွက်ကြောင့် အစိမ်းရောင်မီးသီး လင်းလာရတာပါ။

“One Sided Love Can Win Too… If You Show Your Trust Truly..♥ :)

တစ်ဖက်သတ်အချစ် ဖြစ်နေပေမယ့်လည်း မေတ္တာပြန်ရနိုင်ပါတယ်။
သူ့အပေါ် သင့်ရဲ့ယုံကြည်စိတ်ချမှုကိုသာ အမှန်အကန် ပြသနိုင်မည်ဆိုလျှင်ပေါ့။

နေလင်းအောင် ဘာသာပြန်ဆိုသည်။
Ref; One Sided Love by Unknown Author
www.facebook.com/authornaylinaung

ပြောချင်ရာများ ပြောခဲ့ဖို့...