Sunday, October 14, 2012

အမှန်တရားအတွက် တံခါးဖွင့်ထားပါ


ငါးနှစ်အရွယ် မုဆိုးဖိုနဲ့ အတူနေတဲ့ သားဖြစ်သူအကြောင်း ပြောပါရစေ။ သူဟာ
သားဖြစ်သူကို သူ့ဘဝထက်ပိုပြီး ချစ်မြတ်နိုးပါတယ်။ တစ်နေ့ သားဖြစ်သူကို
အိမ်မှာထားခဲ့ရင်း အလုပ်ကိစ္စတစ်ခုအတွက် သူထွက်သွားခဲ့ရတယ်။
သူထွက်သွားတဲ့အချိန်မှာ လူဆိုးတွေ ရွာကိုရောက်လာပြီး ပစ္စည်းတွေယူငင်ကာ
တစ်ရွာလုံး မီးရှို့ဖျက်ဆီးပြစ်လိုက်တယ်။ သူ့သားကိုတော့ ပြန်ပေးဆွဲ
ခေါ်ဆောင်သွားပါတယ်။ မုဆိုးဖို အိမ်ပြန်ရောက်တဲ့အခါ သူ့အိမ်ဘေးမှာ
ကလေးအလောင်းတစ်ခုကို တွေ့မြင်ရပါတယ်။ အဲဒီအလောင်းဟာ
သူ့သားဖြစ်ရမယ်လို့တွေးရင်း ကောက်ယူလိုက်ပါတယ်။ သူဟာ
ဝမ်းနည်းပူဆွေးငိုကြွေးရင်း ကြွင်းကျန်ရစ်တဲ့ရုပ်ကလာပ်ကို မီးသဂြိ
င်္ုလ်လိုက်ပါတယ်။ သားဖြစ်သူကို အလွန်ချစ်တဲ့အတွက် သားဖြစ်သူရဲ့
အိတ်တစ်လုံးထဲထည့်ရင်း သွားလေရာ ယူဆောင်သွားပါတယ်။ လများစွာအကြာမှာ
သားဖြစ်သူဟာ လူဆိုးတွေလက်ကနေ လွတ်မြောက်ရင်း အိမ်ပြန်လာနိုင်ခဲ့ပါတယ်။
သားဖြစ်သူဟာ သန်းခေါင်ယံအချိန်မှာရောက်လာပြီး အိမ်တံခါးကို
ခေါက်လိုက်ပါတယ်။ အဲဒီအချိနှ်မှာ ဖခင်ဖြစ်သူဟာ အရိုးပြာအိတ်ကိုပွေ့ရင်း
ငိုကြွေးနေပါတယ်။ ကလေးငယ်ဟာ သူ့သားဖြစ်တယ်လို့ အော်ပြောနေပေမယ့်
တံခါးဖွင့်ပေးဖို့တော့ ငြင်းဆိုလိုက်ပါတယ်။ သူ့သားဟာ သေဆုံးသွားပြီလို့
အကြွင်းမဲ့ ယုံကြည်နေသလို အိမ်နီးချင်း ကလေးတစ်ယောက်
တံခါးလာခေါက်တာလို့ပဲ တွေးထင်နေခဲ့မိတယ်။ နောက်ဆုံးမှာတော့ သားဖြစ်သူဟာ
ကိုယ့်လမ်းကို ဆက်သွားရုံမှလွဲပြီး ဘာမှမတတ်နိုင်တော့ပါဘူး။ ဒီလိုနဲ့
ဖခင်နဲ့ သားဖြစ်သူတို့ဟာ ထာဝရ ကွဲကွာသွားပါတော့တယ်။
မိတ်ဆွေ…
ဒီပုံပြင်လိုပဲလေ…။ကျွန်တော်တို့လည်း တစ်စုံတစ်ခုကို မှန်ကန်တယ်လို့
ယုံကြည်ရင်း တရားသေ မှတ်ယူထားခဲ့မယ်ဆိုရင်တော့ တစ်နေ့နေ့တစ်ချိန်ချိန်မှာ
ဒီမုဆိုးဖိုဖခင်လိုမျိုး တွေ့ကြုံရနိုင်ပါတယ်။ ကျွန်တော်တို့ရထားတာ
အမှန်တရားပဲလို့ တွေးထင်ထားခဲ့မယ်ဆိုရင် တကယ့်အမှန်တရား
တံခါးလာခေါက်တဲ့အခါ အမှန်တရားကိုလက်ခံဖို့ ကျွန်တော်တို့ရဲ့စိတ်တံခါးကို
ဖွင့်ပေးဖို့ရာ စွမ်းဆောင်နိုင်မှာ မဟုတ်တော့ပါဘူး။
Book From…
Old Path With Clouds; Walking in the Footstep of Buddha.
နေလင်းအောင် ဘာသာပြန်ဆိုသည်။

မီးဘေးဒုက္ခကပေးသော ကြီးမားသည့်တန်ဖိုး

If your home is on fire, warm yourself by it. Spanish Proverb.
သင့်အိမ် မီးလောင်နေတဲ့အခါ အဲဒီမီးတောက်နဲ့ သင့်ကိုယ်သင်
နွေးထွေးအောင်ပြုလုပ်လိုက်ပါ။ စပိန်စကားပုံ
၁၉၂၄ ခုနှစ်က သောမတ်စ်အယ်ဒီဆင်ရဲ့ ဓာတ်ခွဲခန်းဟာ မီးလောင်မှုကြောင့် လုံးဝ
ပျက်စီးခဲ့ရတယ်။ အဆောက်အဦးတွေဟာ ကွန်ကရိနဲ့ ပြုလုပ်ထားပြီး
မီးဒဏ်ခံနိုင်တယ်လို့ တွေးထင်ထားခဲ့တဲ့အတွက် သူဟာ မီးအာမခံ ဒေါ်လာ
(၂၃၈၀၀၀) ပဲ ထားခဲ့မိပါတယ်။ တကယ်တမ်း ပျက်စီးဆုံးရှုံးခဲ့ရတဲ့ အဆောက်အအုံ
တန်ဖိုးကတော့ ဒေါ်လာနှစ်သန်းထက် ပိုပါတယ်။ ဒီဇင်ဘာ ညတစ်ညမှာ
ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုကြောင့် အက်ဒီဆင်ရဲ့ ဘဝတစ်သက်တာ
အလုပ်အများအပြား မီးလောင်ပျက်စီးသွားခဲ့ရတယ်။
မီးတောက်တွေ မြင့်လာတဲ့အခါ အက်ဒီဆင်ရဲ့သား အသက်နှစ်ဆယ့်လေးနှစ်အရွယ်ရှိ
ချားလ်ဟာ မီးခိုးတွေနဲ့ အပျက်အစီးတွေရဲ့အကြားမှာ ဖခင်ဖြစ်သူကို
ရှာဖွေနေခဲ့ပါတယ်။ နောက်ဆုံးမှာတော့ မီးလောင်မှု မြင်ကွင်းကို
တည်ငြိမ်စွာကြည့်နေတဲ့ ဖခင်ဖြစ်သူကို ရှာတွေ့ခဲ့ပါတယ်။ သူ့ဖခင်မျက်နှာဟာ
မီးရောင်တွေနဲ့ ရောင်ပြန်ဟပ်မှုကြောင့် တောက်ပနေခဲ့တယ်။ သူ့ရဲ့ အဖြူရောင်
ဆံနွယ်တွေဟာ လေထဲ လွင့်မျှောနေခဲ့တယ်။
"အဖေ့အတွက် ကျွန်တော် အလွန်နာကျင်ခဲ့ရပါတယ်" လို့ ချားလ်က
ပြန်ပြောပြပါတယ်။ "အဖေဟာ အသက် (၆၇)နှစ် ရှိပါပြီ။ လူငယ်တစ်ဦး
မဟုတ်တော့ပါဘူး။ ပြီးတော့ အရာရာတိုင်း မီးတောက်တွေနဲ့အတူ
ပျက်စီးသွားခဲ့ရပြီလေ။ အဖေဟာ ကျွန်တော့်ကိုတွေ့တော့ ' ချားလ်စ် မင်းအမေ
ဘယ်မှာလဲ'လို့ အော်ပြီးမေးပါတယ်။ ကျွန်တော်မသိကြောင်း ပြောလိုက်တဲ့အခါ
'မင်းအမေကို သွားရှာပြီး ဒီကိုခေါ်ခဲ့'လို့ အဖေက စေခိုင်းလိုက်ပါတယ်။
'မင်းအမေ အသက်ရှင်နေသမျှ ဒီလိုမြင်ကွင်းမျိုး တွေ့ရမှာ မဟုတ်တော့ဘူး'
လို့ အဖေက ပြောတယ်"
နောက်တစ်နေ့နံနက်မှာ အက်ဒီဆင်ဟာ အပျက်အစီးတွေကိုကြည့်ရင်း
ပြောလိုက်ပါတယ်။ "မီးလောင်မှုထဲမှာ ကြီးမားတဲ့ တန်ဖိုးရှိတယ်။ ငါတို့ရဲ့
အမှားအားလုံး မီးရှို့ခံလိုက်ရတယ်။ အသစ်တဖန် စတင်ခွင့်ပေးတဲ့အတွက်
ဘုရားသခင်ကို ကျေးဇူးတင်မိပါတယ်"
မီးလောင်ပြီးနောက် သုံးပတ်အကြာမှာ အက်ဒီဆင်ဟာ ပထမဆုံးဓာတ်ပြားစက်
တီထွင်ထုတ်လုပ်နိုင်ခဲ့ပါတယ်။
Ref; Great Value in Disaster
From; Condensed Chicken Soup for the Soul.
နေလင်းအောင် ဘာသာပြန်ဆိုသည်။

လက်တစ်ဖက်စီရဲ့ သြဘာသံ

ဂျင်မီဒူးရန့်ထ်နဲ့ပတ်သက်ပြီး ထူးခြားတဲ့ ဖြစ်ရပ်တစ်ခု ရှိခဲ့ဖူးပါတယ်။
သူဟာ အတိတ်တစ်ချိန်က အောင်မြင်ကျော်ကြားခဲ့တဲ့ ဖျော်ဖြေသူတွေထဲက
တစ်ဦးအပါအဝင်ပေါ့။ ဒုတိယကမ္ဘာ့စစ်က တာဝန်ထမ်းဆောင်ခဲ့ကြဖူးတဲ့
စစ်မှုထမ်းဟောင်းတွေအတွက် ဖျော်ဖြေပွဲမှာ တစ်စိတ်တစ်ဒေသ
ပါဝင်တင်ဆက်ပေးဖို့ သူ့ကို ကမ်းလှမ်းလာပါတယ်။ သူ့မှာ ပွဲစဉ်တွေ
ဆက်နေတဲ့အတွက် မိနစ်အနည်းငယ်ဖျော်ဖြေပြီးနောက် အခြားပွဲစဉ်ကို ချက်ချင်း
သွားခွင့်ပေးမည်ဆိုလျှင် လာခဲ့မည်ဖြစ်ကြောင်း အကြောင်းပြန်လိုက်ပါတယ်။
စီစဉ်သူဟာ ပျော်ရွှင်စွာနဲ့ သဘောတူလိုက်တယ်။
ဒါပေမယ့် ဂျင်မီ စတိတ်စင်ပေါ် တက်နေတဲ့အခါ စိတ်ဝင်စားဖွယ် ဖြစ်ရပ်တစ်ခု
ဖြစ်ပွားခဲ့ပါတယ်။ သူဟာ အခန်းတို ပြဇာတ်တစ်ပုဒ် တင်ဆက်ပြီးပေမယ့်
စတိတ်စင်ပေါ်မှာပဲ ဆက်လက်ရပ်နေခဲ့တယ်။ သူရပ်နေတာ (၁၅)မိနစ်၊ မိနစ်(၂၀)၊
မိနစ်(၃၀)တိုင် ကုန်လွန်လာခဲ့တယ်။ အဲဒီနောက် သူဟာ ပရိသတ်ကိုဦးညွတ်ရင်း
စတိတ်စင်ပေါ်ကနေ ဆင်းလာခဲ့တယ်။ စတိတ်စင်နောက်ဘက်မှာ တစ်စုံတစ်ဦးက
သူ့ကိုတားရင်း မေးလိုက်ပါတယ်။ "ခင်ဗျား ဖျော်ဖြေရမဲ့အချိန်ထက်
ပိုနေခဲ့တယ်လို့ ထင်မိပါတယ်။ ဘာဖြစ်နေလို့လဲ"
ဂျင်မီက ပြန်ဖြေပါတယ်။
"ကျွန်တော် အခြားပွဲစဉ်ကိုကူးပြီး ဖျော်ဖြေရမယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့
ကျွန်တော် ဆက်နေခဲ့ရတဲ့ အကြောင်းရင်းကို ပြောချင်ပါတယ်။
ခင်ဗျားကိုယ်တိုင် ရှေ့ဆုံးတန်းကိုထွက်ပြီး ကြည့်လိုက်ပါလား။
ရှေ့ဆုံးတန်း သူထွက်ကြည့်လိုက်တဲ့အခါ စစ်ပွဲအတွင်းက
လက်တစ်ဖက်စီဆုံးရှုံးခဲ့ရတဲ့ စစ်မှုထမ်းဟောင်းနှစ်ဦးကို တွေ့ရပါတယ်။
တစ်ဦးက ညာဖက်လက် ဆုံးရှုံးခဲ့ရပြီး အခြားတစ်ဦးကတော့ ဘယ်ဖက်လက်
ဆုံးရှုံးခဲ့ရပါတယ်။ သူတို့နှစ်ဦးပေါင်းမှ လက်ခုပ်တီးနိုင်ကြတာပါ။
တကယ်လည်း သူတို့နှစ်ဦးဟာ ပျော်ရွှင်စွာနဲ့ ကျယ်ကျယ်လောင်လောင် လက်ခုပ်တီး
သြဘာပေးနေခဲ့ကြပါတယ်။
Ref; The Sound of One Hand Clapping by Tim Hansel
နေလင်းအောင် ဘာသာပြန်ဆိုသည်။

အမာရွတ်

ကောင်လေးတစ်ယောက်ဟာ သူတက်ရောက်ပညာသင်ကြားနေတဲ့ မူလတန်းကျောင်းရဲ့
ပထမအကြိမ် မိဘဆရာအသင်း အစည်းအဝေးပွဲကိုတက်ရောက်ဖို့ မိခင်ဖြစ်သူကို
ဖိတ်ကြားခဲ့ပါတယ်။ တက်ဖြစ်အောင်တက်မယ်လို့ မိခင်က ပြောလိုက်တဲ့အခါ
ကောင်ကလေး တုန်လှုပ်သွားပါတယ်။ အဲဒီပွဲမှာ သူငယ်ချင်းတွေနဲ့ ဆရာတွေဟာ
သူ့မိခင်ကို တွေ့မြင်ကြပြီး သူ့မိခင်ရဲ့ ပုံပန်းသွင်ပြင်ကြောင့် သူအရှက်
ရနိုင်ပါတယ်။ သူ့အမေဟာ လှပတဲ့ အမျိုးသမီးတစ်ဦးဖြစ်ပေမယ့်
ညာဘက်ပါးပြင်မှာတော့ ကြီးမားတဲ့ အမာရွတ်တစ်ခု ရှိနေခဲ့ပါတယ်။ လူငယ်လေးဟာ
သူ့အမေ အမာရွတ် ဘာကြောင့် ရခဲ့သလဲဆိုတာ မမေးချင်သလို
ပြောလည်းမပြောချင်ပါဘူး။
သူ့အမေမှာ အမာရွတ် ရှိနေခဲ့ပေမယ့် အစည်းအဝေးပွဲမှာတော့ လူတိုင်းဟာ သူမရဲ့
သဘာဝအလှနဲ့ ကြင်နာမှုတွေကြောင့် လေးစားအထင်ကြီးခဲ့ကြပါတယ်။ ဒါပေမယ့်
ကောင်လေးကတော့ ရှက်ရွံ့အားငယ်နေပြီး လူတိုင်းနဲ့ ပုန်းကွယ်နေခဲ့ပါတယ်။
သူ့အမေနဲ့ ဆရာဖြစ်သူတို့ စကားပြောနေတာကို ကြားနိုင်တဲ့နေရာ
သူရောက်လာမိပြီးနောက် သူတို့ပြောနေသမျှ ကြားခဲ့ရပါတယ်။
"ခင်ဗျားမျက်နှာမှာ ဘယ်လိုဖြစ်ပြီး အမာရွတ် ထင်ခဲ့ရတာလဲ" လို့ ဆရာဖြစ်သူက
မေးမြန်းစုံစမ်းပါတယ်။
သူ့အမေက ပြန်ပြောပြပါတယ်။
" ကျွန်မသား ကလေးဘဝတုန်းက မီးလောင်နေတဲ့အခန်းထဲမှာ ပိတ်မိနေခဲ့တယ်။ မီးဟာ
ထိန်းချုပ်လို့မရလောက်အောင် လောင်ကျွမ်းနေတဲ့အတွက် အခန်းထဲ ဘယ်သူမှ
မဝင်ရဲခဲ့ပါဘူး။ ကျွန်မသားရဲ့ပုခက်ဆီ ပြေးနေတဲ့အချိန်မှာမီးစတစ်ခု
ပြုတ်ကျလာတာကိုတွေ့တော့ သားကိုကာကွယ်ဖို့ ကျွန်မကိုယ်ကို သူ့အပေါ်
မိုးပေးခဲ့ရတယ်။ မီးစထိမှန်တဲ့အခါ ကျွန်မ သတိလစ်မေ့သွားခဲ့ရတယ်။
ကံကောင်းချင်တော့ မီးသတ်သမားတစ်ဦး ရောက်လာပြီး ကျွန်မတို့နှစ်ဦးကို
ကယ်ခဲ့ပါတယ်" သူ့အမေဟာ မီးလောင်ဒဏ်ရာကြောင့် အမာရွတ်ထင်နေတဲ့ ပါးပြင်ကို
ကိုင်လိုက်ပါတယ်။ "ဒီအမာရွတ်ကတော့ အမြဲတမ်း ရှိနေမှာပါ။ ဒါပေမယ့်
ဒီနေ့အထိ ကျွန်မလုပ်ခဲ့မိတာနဲ့ပတ်သက်ပြီး ဘယ်တုန်းကမှ
နောင်တမရမိခဲ့ပါဘူးရှင်"
ဒီစကားကို ကြားရတဲ့အခါ ကောင်ကလေးဟာ ပုန်းကွယ်ရာကနေ ထွက်လာပြီး သူ့အမေဆီ
မျက်ရည်စက်လက်နဲ့ ပြေးသွားခဲ့ပါတယ်။ သူ့အမေ သူ့အပေါ် အနစ်နာ
ခံခဲ့တာကိုတွေးရင်း စိတ်မကောင်းဖြစ်ကာ
မိခင်ဖြစ်သူကိုသိုင်းဖက်လိုက်ပါတယ်။ အဲဒီနေ့တစ်နေ့လုံး သူဟာ
သူ့အမေရဲ့လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်းရင်း
ဂုဏ်ယူဝင့်ကြွားနေခဲ့မိတော့တယ်။
Ref; The Scar by Lih Yuh Kuo
နေလင်းအောင် ဘာသာပြန်ဆိုသည်။

သူလိုလူမျိုးကို ဘယ်အရာမှ မဟန့်တားနိုင်

You may be disappointed if you fail, but you are doomed if you don't
try. (Beverly Silly)
သင် ရှုံးနိမ့်တဲ့အခါ စိတ်ပျက်ကောင်း ပျက်မိပါလိမ့်မယ်။ ဒါပေမယ့်
သင်မကြိုးစားခဲ့ဘူးဆိုရင်တော့ ကျရှုံးရပါလိမ့်မယ်။
အသက် ငါးနှစ်အရွယ်မှာ သူ့ရဲ့ခြေထောက်တွေ ပြင်းထန်တဲ့ အပူလောင်မူ
ခံစားခဲ့ရပြီးနောက် ဂလင်းကန်နင်ဟန်ကို ဆရာဝန်တွေနဲ့ ပြသစစ်ဆေးခဲ့ကြပါတယ်။
သူဟာ မျှော်လင့်ချက်မဲ့နေတဲ့ ခြေမသန်သူတစ်ဦးဖြစ်ပြီး သူ့ဘဝရဲ့
လက်ကျန်အချိန်တွေကို လက်တွန်းလှည်းနဲ့ပဲ ကုန်ဆုံးရလိမ့်မယ်လို့
ဆရာဝန်တွေက ယုံကြည်ခဲ့ကြပါတယ်။ "သူလမ်းလျှောက်နိုင်မှာ မဟုတ်တော့ဘူး။
လမ်းလျှောက်ဖို့ အခွင့်အရေးတောင် မရှိတော့ပါဘူး" လို့ ဆရာဝန်တွေက
ပြောခဲ့ကြပါတယ်။
ဆရာဝန်တွေဟာ သူ့ရဲ့ခြေထောက်ကို စစ်ဆေးနိုင်ခဲ့ပေမယ့် သူ့ရဲ့နှလုံးသားကို
စစ်ဆေးဖို့ နည်းလမ်းကိုတော့ မသိရှိခဲ့ကြပါဘူး။ သူဟာ ဆရာဝန်တွေရဲ့စကားကို
နားမယောင်ဘဲ လမ်းပြန်လျှောက်နိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
အိပ်ရာထဲလဲလျောင်းရင်း ပိန်လီပြီး သွေးရောင်လွှမ်းနေတဲ့၊
အနာရွတ်တွေဖုံးလွှမ်းနေတဲ့ ခြေထောက်တစ်စုံကိုကြည့်ရင်း စိတ်ထဲကနေ
ပြောလိုက်ပါတယ်။ "နောက်တစ်ပတ်ဆို အိပ်ရာက ထမယ်။ ပြီးရင် လမ်းလျှောက်မယ်"
အဲဒီနောက် ပြောခဲ့တဲ့အတိုင်း သူလုပ်ခဲ့ပါတယ်။
ခြံဝန်းထဲက ထွန်းတုံးဟောင်းတစ်ခုကိုကိုင်ပြီး လမ်းလျှောက်ဖို့
ကြိုးစားနေတဲ့ ဂလင်းကိုစောင့်ကြည့်ဖို့ ပြတင်းပေါက်က
ခန်းဆီးလိုက်ကာကိုဖယ်ပြီး ကြည့်နေခဲ့ရကြောင်း မိခင်ဖြစ်သူက ပြောပြပါတယ်။
လက်ကိုင်တစ်ဖက်စီကိုကိုင်ရင်း ကြမ်းတမ်းပြီး လိမ်ဖယ်ဖယ်ဖြစ်နေတဲ့
သူ့ရဲ့ခြေထောက်တွေ အလုပ်စတင်လုပ်ကိုင်နိုင်စေဖို့ ကြိုးစားပါတော့တယ်။
အဆင့်တိုင်းမှာ နာကျင်မှုတွေ ခံစားရပြီးနောက် သူဟာ
လမ်းပြန်လျှောက်နိုင်ဖို့ ပိုပြီးနီးစပ်လာခဲ့ပါတယ်။ မကြာမီ
သူလမ်းလျှောက်နိုင်လာခဲ့တယ်။ သိပ်မကြာမီ သူပြေးနိုင်လာခဲ့ပါတယ်။ သူစတင်
ပြေးနိုင်လာတဲ့အခါ သူ့ရဲ့စိတ်ဓာတ်ဟာ ပိုပြီးတော့ ခိုင်မာပြတ်သားလာခဲ့တယ်။
"ငါလမ်းလျှောက်နိုင်မယ်လို့ အမြဲတမ်း ယုံကြည်ခဲ့သလို
လျှောက်လည်းလျှောက်နိုင်ခဲ့ပါတယ်။ ဒီတစ်ခါ အမြန်ဆုံး
ပြေးနိုင်တဲ့လူထက်ပိုပြီး ပြေးနိုင်ဖို့ ကြိုးစားတော့မယ်"
အဲဒီလိုပြောဆိုရင်း သူကြိုးစားခဲ့တယ်။
သူဟာ နာမည်ကျော် တာဝေးအပြေးသမားတစ်ဦးဖြစ်လာပြီး ၁၉၃၄ ခုနှစ်မှာ (၄: ၀၆)
နဲ့ ကမ္ဘာ့စံချိန် တင်နိုင်ခဲ့ပါတယ်။ မစ်ဒီဆင်စကွဲယားဥယျာဉ်မှာ သူ့ကို
ရာစုနှစ်ရဲ့ ထူးချွန်သော အားကစားသမားတစ်ဦးအဖြစ် ဂုဏ်ပြုခဲ့ကြပါတယ်။
Ref; Nothing Could Stop this Man by Jeff Yalden
နေလင်းအောင် ဘာသာပြန်ဆိုသည်။

အားနည်းသူရဲ့ အားသာချက်

လန်ဒန်မြို့မှာ မြူနှင်းတွေ အလွန်ထူထပ်စွာ ကျဆင်းနေတဲ့ နေ့တစ်နေ့မှာပေါ့။
မြူနှင်းတွေဟာ အလွန်ထူထပ်စွာ ကျဆင်းနေတဲ့အတွက် ရှေ့တစ်လှမ်းထက်ပိုပြီး
မမြင်ရပါဘူး။ ဘက်စ်ကားတွေ၊ ကားငယ်တွေနဲ့ တက္ကစီကားတွေဟာ
မောင်းလို့မရတဲ့အတွက် လမ်းပေါ်မှာပဲ ရပ်ထားကြရပါတယ်။ လူတွေဟာ
မြူနှင်းထုထဲမှာ စမ်းတဝါးဝါး သွားလာနေကြတယ်။ မစ္စတာစမစ်ဟာ
အောက်လွှတ်တော်မှာ အရေးကြီးအစည်းအဝေး သွားစရာရှိနေတယ်။ အဲဒီကို အချိန်မီ
ရောက်ချင်ပေမယ့် ဘယ်သူမှ သူ့ကို ပို့ဆောင်မပေးနိုင်ပါဘူး။
ပါလီမန်ကိုရောက်ဖို့ သူကြိုးစားခဲ့ပေမယ့် လမ်းပျောက်နေရပါတယ်။ ရုတ်တရက်
လူစိမ်းတစ်ဦးနဲ့ သူတိုက်လိုက်မိတယ်။ သူ့ကို ကူညီရမလားလို့ လူစိမ်းက
မေးလာတယ်။ ပါလီမန်ကို သွားချင်ကြောင်း မစ္စတာစမစ်က ပြောလိုက်ပါတယ်။ သူ့ကို
ပို့ဆောင်ပေးမည်ဖြစ်ကြောင်း လူစိမ်းက ပြောလာပါတယ်။ မစ္စတာစမစ်ဟာ
ကျေးဇူးတင်ကြောင်းပြောဆိုရင်း လူစိမ်းနှင့်အတူ စတင်လျှောက်လှမ်းလာပါတယ်။
တစ်မိနစ်ကုန်တိုင်း မြူနှင်းတွေဟာ ပိုပြီးသိပ်သည်းလာပါတယ်။ လူစိမ်းကတော့
လမ်းရှာဖွေသွားလာရာမှာ အခက်အခဲ မရှိခဲ့ပါဘူး။ သူဟာ
လမ်းမကြီးအတိုင်းသွားတယ်။ အခြားတစ်လမ်းကို ချိုးကွေ့လိုက်တယ်။ ပန်းခြံကို
ဖြတ်သန်းလိုက်တယ်။ နာရီဝက်အကြာ လမ်းလျှောက်ပြီးတဲ့အခါ အောက်လွှတ်တော်ကို
ရောက်လာပါတယ်။ လူစိမ်းဟာ လမ်းတွေကို ဘယ်လိုလုပ်ပြီး
ရှာတွေ့နိုင်ခဲ့သလဲဆိုတာ မစ္စတာစမစ် စဉ်းစားလို့ မရခဲ့ပါဘူး။
"အံ့ဖွယ်ပါပဲဗျာ။ မြူနှင်းတွေထဲမှာ ဘယ်လိုလုပ်ပြီး လမ်းတွေ့တာလဲဗျ" လို့
သူမေးလိုက်ပါတယ်။
"ဒါဟာ ကျွန်တော့်အတွက်တော့ ပြဿနာ မဟုတ်ပါဘူး။ ကျွန်တော်ဟာ
မျက်မမြင်လေဗျာ" လို့ လူစိမ်းက ပြန်ပြောလိုက်ပါတယ်။
Ref; A London Frog from Brighter Grammar
နေလင်းအောင် ဘာသာပြန်ဆိုသည်။

မပူပန်သင့်သော အရာနှစ်ခု

ဘဝမှာ ဘယ်တော့မှ မပူပန်သင့်တဲ့ အရာနှစ်ခုရှိပါတယ်။
ပထမတစ်ခုကတော့ ပြောင်းလဲလို့မရတဲ့ အရာတွေအတွက် စိုးရိမ်ပူပန်ခြင်း
မရှိသင့်ပါဘူး။ ပြောင်းလဲလို့မရတဲ့အရာတွေအတွက် စိုးရိမ်ပူပန်ခြင်းဟာ
မိုက်မဲပြီး အကျိုးမရှိတဲ့ လုပ်ရပ်တစ်ခုပါ။
ဒုတိယတစ်ခုကတော့ ပြောင်းလဲလို့ရတဲ့ အရာတွေအတွက်
စိုးရိမ်ပူပန်ခြင်းမရှိသင့်ပါဘူး။ ပြောင်းလဲလို့ရတဲ့ အရာတွေအတွက်
စိုးရိမ်ပူပန်နေမဲ့အစား လက်တွေ့ပြောင်းလဲလိုက်ခြင်းက ပိုပြီးလွယ်ကူပါတယ်။
တစ်စုံတစ်ရာအတွက် ဆယ်ကြိမ်မှာ ကိုးကြိမ်လောက်ပူပန်နေခြင်းဟာ အဲဒီ
ပူပန်စရာကိစ္စထက်ပိုပြီး အန္တရာယ်ရှိပါတယ်။
စိုးရိမ်ပူပန်စေတဲ့အရာတွေကို သင့်ဘဝထဲကနေ ဖယ်ထုတ်လိုက်ပါတော့…။
နေလင်းအောင် ဘာသာပြန်ဆိုသည်။
Ref; Two Things Not To Worry by Unknown.

ပြောချင်ရာများ ပြောခဲ့ဖို့...